ချန်ပီယံလိဂ်ကွာတားဖိင်နယ် အဆင့်ပွဲစဉ် တွေ အပြီးမှာတော့ လီဗာပူး အသင်းဟာ ဘာစီလို အသင်းနဲ့ ဆီမီးဖိုင်နယ် အဖြစ်ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။လီဗာပူး ကွင်းလယ် လူတဦးဖြစ်တဲ့ဂျိန်းစ်မီနာ ဟာ ကစားသမားဘဝတတိယအကြိမ်မြောက်အဖြစ် နူးကမ့် မှာ ဘာစီလိုနာ နဲ့ ရင်ဆိုင်သွားရဖို့ ရှိနေတာဖြစ်ပြီး အခုတကြိမ်မှာ ဒုက္ခပေးသွား နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
မီနာဟာ နည်းပြကြီး ပယ်လီဂရီနီရဲ့ မန်စီးတီး အသင်းသား တဦးအဖြစ် ၂၀၁၄ ခုနှစ် နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ဘာစီလိုနာ နဲ့ တွေ့ဆုံထားခဲ့ဖူးတာဖြစ်ပြီး အဆိုပါ၂ ကြိမ်မှာတော့ အခြေအနေမကောင်းခဲ့ပဲ ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရတာဖြစ်ပါတယ်။လီဗာပူး တို့ ဟာ ယမန်နှစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ အဆင့်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ရီးရဲလ် အသင်းကို အရေးနိမ့်ခဲ့ရတာဖြစ်ပြီး အခုနှစ်မှာတော့ မက်ဆီရဲ့ ဘာစီလိုနာနဲ့ ပွဲကျပ် ရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။
အင်တာဗျူး တခုမှာ မီနာ က – – -” ဘာစီလိုနာ အသင်းကို ကျွန်တော်တို့ အနိုင်ယူနိုင်ပါတယ်။ဒါပေမယ့် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ကျွန်တော်ဟာ ရှုံးထွက်အဆင့်တွေမှာ မန်စီးတီး အသင်းနဲ့အတူဘာစီလိုနာအသင်းကို ၂ကြိမ်လောက် ရင်ဆိုင်ခဲ့ဖူးပြီး လိုချင်တဲ့ရလဒ်မျိုးတော့ မရခဲ့ပါဘူး။အခုတတိယအကြိမ်မှာတော့ ကျွန်တော့်အတွက် ကံကောင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။
သူတို့ဟာ အသင်းကောင်းတသင်းဖြစ်ပြီး နူးကမ့်ဆိုတာ သွားကစားဖို့ မလွယ်ကူတဲ့ နေရာတခုဖြစ်ပါတယ်။ကျွန်တော်တို့ ကစားဖူးနေကျ အသင်းမျိုးလည်း မဟုတ်လို့ ခက်ခဲတဲ့ ပွဲတပွဲဖြစ်လာဖို့ရှိနေပါတယ်။သူတို့ဟာ တဦးချင်းထူးချွန်တဲ့ ကစားသမားတွေပြည့်နှက်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။နူးကမ့်ဟာ ကွင်းကောင်းတကွင်းဖြစ်ပြီး အဲ့ဒီမှာကစားရတာဟာ တကယ်ကို အံ့မခန်းပါပဲ။အရမ်းခက်ခဲမယ့်ပွဲဖြစ်လို့ကျွန်တော်တို့ အကောင်းဆုံးကစားသွားဖို့လိုပါတယ်။သူတို့ကိုလည်း အခက်တွေ့စေနိုင်မယ်လို့ ထင်ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေ အတွင်းချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကျွန်တော်တို့ အနိုင်ယူထားခဲ့ဖူးတဲ့ အသင်းတွေအများကြီးရှိပါတယ်။ဒါကြောင့်လည်း အခုပွဲစဉ်ဟာ ဘယ်လောက်ခက်ခက် ယုံကြည်မှုနဲ့ သွားကစားဖို့ လိုပါတယ် ” လို့ပြောခဲ့ပါတယ်။
လီဗာပူး တို့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း မန်စီးတီး အသင်းကို တပွဲ အသာ ၂မှတ်အသာနဲ့ ဦးဆောင်နေပြီး ချန်ပီယံဆု အတွက် အခြေအနေ ကောင်းနေတာဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ အမှားခံလို့မရတဲ့ အနေအထားမျိုးမှာရှိနေတာဖြစ်ပြီး လီဗာပူး ချန်ပီယံဖြစ်ဖို့ လက်ကျန်ပွဲတွေအကုန်လုံးကို အနိုင်ကစားပြီး စုစုပေါင်း ၉၇ မှတ်ရရှိဖို လိုတယ်လို့ မီနာက ယုံကြည်နေပါတယ်။
မန်စီးတီးအသင်းကတော့ ပွဲကျန်တပွဲအပါအဝင် ပွဲစဉ်အကုန်လုံးကို အနိုင်ရခဲ့ပါက စုစုပေါင်း ၉၈မှတ်အထိ ရနိုင်ခြေ ရှိနေတာဖြစ်ပါတယ်။မီနာ က ဆက်လက်ပြီး – – – -“လက်ကျန်ပွဲစဉ်တွေအကုန် လုံးကိုအနိုင်ရဖို့ ကျွန်တော်တို့ ကြိုးစားသွားဖို့လိုပါတယ်။မဖြစ်မနေ လည်းကြိုးစားသွားရမှာဖြစ်ပါတယ်။ဆက်ကစားရမယ့်ပွဲတွေ အများကြီးရှိနေသေးတာဖြစ်ပြီး လွယ်ကူဖို့တော့ ရှိမနေပါဘူး။
ကျွန်တော်တို့ဟာ ၃ရက်တပွဲနှုန်းလောက် ကစားထားခဲ့ဖူးပေမယ့် ရာသီကုန်ဖို့ နီးကပ်လာချိန်မှာတော့ ဖိအားတွေကြုံရဖို့ ရှိနေပါတယ်။ဒါပေမယ့် ကျွန်တော်တို့ အသင်းဟာ လိုချင်တဲ့ အနေအထားမျိုး အလုံးစုံပြည့်စုံနေပါပြီ ” လို့ပြောသွားခဲ့ပါတယ်။

Comments
Post a Comment